စစ်ပွဲဖြစ်နေချိန်မှာ လူတွေကိုအသက်ဆုံးရှုံးအောင် လုပ်ခွင့်ရှိသလား။
စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေတွေမှာ “လူတွေကို အသက်ဆုံးရှုံးအောင်လုပ်ခွင့်ရှိသလား” ဆိုတဲ့ မေးခွန်းက လက်ရှိအခြေအနေမှာ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ကြုံတွေ့နေရတဲ့ နိုင်ငံတွေမှာ ဒီမေးခွန်းက ဥပဒေ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အဓိကအချက်တစ်ခု ဖြစ်လာပါတယ်။ အချို့ကတော့ “စစ်ပွဲတောင်ဖြစ်နေပြီ လူတွေအသက်ဆုံးရှုံးတာဟာ ပုံမှန်ပါပဲ”လို့ ယူဆနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေမှာတော့ ဒီလိုမမြင်ပါဘူး။ စစ်ပွဲတွေအတွင်းမှာပဲ လိုက်နာရမယ့် စည်းမျဉ်းတွေ ရှိနေပြီး လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးထားဆဲ ဖြစ်ပါတယ်။
အသက်ရှင်ခွင့်ဆိုတာဘာလဲ။
အသက်ရှင်ခွင့် (Right to Life) ဆိုတာ လူ့အခွင့်အရေးတွေထဲမှာ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂ (United Nations) က ၁၉၄၈ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ Universal Declaration of Human Rights အပိုဒ် (၃) မှာ “လူတိုင်းသည် အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ခံစားပိုင်ခွင့်ရှိသည်”လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် International Covenant on Civil and Political Rights အပိုဒ် (၆) မှာလည်း လူတိုင်းရဲ့ အသက်ရှင်ခွင့်ကို ဥပဒေအရ ကာကွယ်ရမှာ ဖြစ်ပြီး မည်သူ့ကိုမျှ အကြောင်းမဲ့ အသက်ရှင်ခွင့် ရုတ်သိမ်းခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် အသက်ရှင်ခွင့်ဆိုတာ အခြားသော လူ့အခွင့်အရေးများအားလုံး၏ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။
စစ်ပွဲအတွင်း လူတွေကိုအသက်ဆုံးရှုံးအောင်လုပ်တာ ခွင့်ပြုထားသလား။
သာမန်အခြေအနေတွေမှာ လူတစ်ဦးတစ်ယောက်ကို တမင်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများက တားမြစ်ထားပါတယ်။ သို့သော် လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် စစ်ပွဲဖြစ်ပွားနေချိန်မှာ ဥပဒေဆိုင်ရာ မူဘောင်တစ်ခု ထပ်မံ သက်ရောက်လာပါတယ်။ ဒါကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law – IHL)လို့ခေါ်ပြီး Geneva Conventions နှင့် ၎င်း၏ နောက်ဆက်တွဲစာချုပ်များအပေါ် အခြေခံထားပါတယ်။ IHL ရဲ့ အရေးကြီးဆုံး မူများထဲမှ တစ်ခုကတော့ “ခွဲခြားသတ်မှတ်ခြင်းမူ” (Principle of Distinction) ဖြစ်တယ်။ ဒီမူအရ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များနှင့် အရပ်သားများကို ရှင်းလင်းစွာ ခွဲခြားရမယ်ဆိုတဲ့အချက်ဖြစ်တယ်။ ဆိုလိုတာကတော့ စစ်ရေးလုပ်ဆောင်နေတဲ့ တိုက်ခိုက်ရေးသမားများ (combatants) ကို စစ်ရေးရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားနိုင်ပေမယ့်၊ အရပ်သားများ (civilians) ကိုတော့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းကို မည်သည့်အခြေအနေမှာမှ ခွင့်မပြုထားပေ။
အသက်ရှင်ခွင့်၏ အဓိကအယူအဆများ
အသက်ရှင်ခွင့်ကို နားလည်ဖို့အတွက် အရေးကြီးသည့် အယူအဆ သုံးခုရှိပါတယ်။ ၁။ အကြောင်းမဲ့ သတ်ဖြတ်ခြင်း မပြုရ (Arbitrary Killing) နိုင်ငံတကာဥပဒေအရ Arbitrary Killing လို့ခေါ်တဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုတွေကို တားမြစ်ထားတယ်။ ဥပဒေဆိုင်ရာ ပြဌာန်းချက်မရှိဘဲ၊ လုပ်ထုံးလုပ်နည်းများ မလိုက်နာဘဲ သို့မဟုတ် မလိုအပ်ဘဲ အသက်ရှင်ခွင့် ဆုံးရှုံးစေခြင်း/ရုတ်သိမ်းခြင်းဟာ အသက်ရှင်ခွင့်ကို ချိုးဖောက်မှုဖြစ်ပါတယ်။ ၂။ အရပ်သားများကို ကာကွယ်ရမည် စစ်ပွဲအတွင်းမှာပင် အရပ်သားတွေဟာ အထူးကာကွယ်မှုကို ခံစားခွင့်ရှိပါတယ်။ အရပ်သားတွေကို တိုက်ခိုက်ခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ် ပစ်မှတ်ထားခြင်းတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုမြောက်ပါတယ်။ ၃။ တာဝန်ယူမှု ရှိရမည် Thတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရင် အမှန်တရားဖော်ထုတ်တာ၊ စုံစမ်းစစ်ဆေးတာနှင့် တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်တာတို့လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီအချက်ကို ICCPR ၏ General Comment No. 36 တွင်လည်း အသေးစိတ် ဖော်ပြထားပါတယ်။ အသက်ရှင်ခွင့်က ဘာကြောင့် အရေးကြီးတာလဲ။ အသက်ရှင်ခွင့်ဆိုတာ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးအားလုံးရဲ့ အခြေခံဖြစ်တယ်။ လူတစ်ဦးဟာ အသက်ဆုံးရှုံးသွားပြီးဆိုရင် ပညာသင်ကြားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ကျန်းမာရေးရပိုင်ခွင့်နှင့် အခြားသော အခွင့်အရေးများအားလုံးကို ခံစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အပြစ်မဲ့အရပ်သားများသေဆုံးခြင်းကြောင့် မိသားစုတွေ ပြိုကွဲစေသွားကြရတယ်၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ပျက်စီးစေတယ်၊ ပဋိပက္ခကိုလည်း ပိုမိုရှည်ကြာစေပါတယ်။
State Actor နှင့် Non-State Actor များ၏ တာဝန်ကဘာလဲ။
အသက်ရှင်ခွင့်ကို လေးစားကာကွယ်ဖို့ တာဝန်က အစိုးရများ သို့မဟုတ် နိုင်ငံတော်အဖွဲ့အစည်းများ အတွက်သာ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း တာ၀န်ရှိပါတယ်။ State Actors များအနေဖြင့် အရပ်သားများနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို သတ်ဖြတ်ခြင်း မပြုရပါဘူး။ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့တယ်ဆိုရင် ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ရပါမယ်။ အလားတူ Non-State Armed Groups များသည်လည်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဖမ်းဆီးထားသူများကို သတ်ဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ခြင်း မပြုရပေ။ စစ်ပွဲဖြစ်နေသည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် အရပ်သားများကို ထိခိုက်နစ်နာအောင် လုပ်ခွင့်မရှိပေ။
လက်တွေ့မှာ ဘာကြောင့်အသက်ရှင်ခွင့်ချိုးဖောက်ခံနေရတာလဲ။
ယနေ့ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်ပဋိပက္ခတွေမှာ လူသားတို့၏ အသက်ရှင်ခွင့်အပါအဝင် လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေကြရပါတယ်။ ဒီလို ချိုးဖောက်မှုတွေကိုပဲ တွေ့မြင်နေကြရတဲ့အခါ အချို့က “အသက်ရှင်ခွင့်ဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာ”လို့ ထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ တာ၀န်ရှိသူတွေအပါအ၀င် လူတွေဟာ အခွင့်အရေးကို လေးစားခြင်း မရှိတာကြောင့် ဒါမှမဟုတ် မလိုက်နာနေတာတွေကြောင့်ဖြစ်တယ်။ စစ်ပွဲအတွင်းမှာပင် လူတစ်ဦးချင်းစီရဲ့ အသက်ရှင်ခွင့်ဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ဒီအခွင့်အရေးကို လေးစားလိုက်နာစေဖို့ တာဝန်ရှိသူများကိုလည်း တောင်းဆိုနိုင်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးချင်းစီဟာ စစ်ပွဲအတွင်းမှာပင် လူသားဖြစ်တယ်ဆိုတဲ့ အခြေခံတန်ဖိုးကို မမေ့သင့်ပါ။ အသက်ရှင်ခွင့်ဆိုတာ မည်သည့်အခြေအနေမှာမဆို ကာကွယ်ပေးရမယ့် အခြေခံအကျဆုံး လူ့အခွင့်အရေး ဖြစ်ပါတယ်။ အထူးသဖြင့် အရပ်သားတွေနှင့် တိုက်ခိုက်မှုမှာ မပါဝင်သူတွေကို ကာကွယ်ခြင်းဟာ လူသားချင်းစာနာထောက်ထားမှုရဲ့ အခြေခံဖြစ်သလို တရားမျှတမှုနှင့် တာဝန်ခံမှုရှိသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးရဲ့ အစလည်း ဖြစ်ပါတယ်။

