Non-discrimination (ခွဲခြားဆက်ဆံမှုမပြုခြင်း)
“Non-Discrimination (ခွဲခြားဆက်ဆံမှုမပြုခြင်း) ဆိုတာ လူမှုရေးဆိုင်ရာ လိုက်နာရမယ့် ကျင့်၀တ်လည်းဟုတ်သလို နိုင်ငံတကာဥပဒေတွေထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ အရေးကြီးတဲ့ မူတစ်ခုဖြစ်တယ်။
Universal Declaration of Human Rights (UDHR) အပိုဒ် ၂ မှာ ‘လူတိုင်းသည် အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား ခွဲခြားမှုမရှိဘဲ တန်းတူခံစားခွင့်ရှိသည်’ လို့ ဖော်ပြထားပါတယ်။
အတိကျဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ကို Human Rights Committee ရဲ့ General comment (18) မှာ တွေ့နိုင်ပြီး "ခွဲခြားမှုဆိုတာလူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေးအမြင် သို့မဟုတ် အခြားအမြင်များ၊ မူလနိုင်ငံသားသို့မဟုတ် လူမှုရေး၊ ပိုင်ဆိုင်မှု၊ မွေးဖွားမှု သို့မဟုတ် အခြားအခြေအနေများအပေါ် အခြေခံပြီး ပြုလုပ်သည့်
• Distinction (ခွဲခြားသတ်မှတ်ခြင်း)
• Exclusion (ဖယ်ထုတ်ထားခြင်း)
• Restriction (ကန့်သတ်ထားခြင်း) or preference (ဦးစားပေးခြင်း)"လို့ သတ်မှတ်ထားကိုတွေ့နိုင်ပါတယ်။
ICERD ရဲ့ အပိုဒ် (၁) မှာတော့ ဒီလိုလုပ်ဆောင်တဲ့အခါမှာ “purpose (ရည်ရွယ်ချက်) ဒါမှမဟုတ် Effect (သက်ရောက်မှု)” ဘယ်လောက်ရှိလဲဆိုတာကို စဥ်းစားရမယ်လို့ပြောထားပါတယ်။ ဆိုလိုတာကတော့ ခွဲခြားမှု၊ ဖယ်ထုတ်ထားမှု၊ ကန့်သတ်မှု (သို့) ဘက်လိုက်မှုကို ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်တာမဟုတ်သော်လည်း နောက်ဆက်တွဲအကျိုးသက်ရောက်မှုကြောင့် အခွင့်အရေး ထိခိုက်သွားရင် ဒါဟာ “ခွဲခြားမှု”ဖြစ်နိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေထဲမှာ ဖော်ပြထားတဲ့ “Non-Discrimination ကိုအနှစ်ချုပ်ပြီး ပြန်ပြောပြရမယ်ဆိုရင် အချက် (၃) ချက်ကို တွေ့နိုင်ပါတယ်။
ပထမအချက် Protected Ground ကြောင့်လား။
- လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေးအမြင် သို့မဟုတ် အခြားအမြင်များ၊ နိုင်ငံသား သို့မဟုတ် လူမှုရေလ၊ ပိုင်ဆိုင်မှု၊ မွေးဖွားမှု သို့မဟုတ် အခြား အခြေအနေတွေကြောင့်လားဆိုတာကို မြင်အောင်ကြည့်ရမယ်။
ဒုတိယအချက် Differential Treatment ဆောင်ရွက်တာရှိသလား။
- ဆိုလိုတာကတော့ ခွဲခြားခြင်း၊ ဖယ်ရှားခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ဦးစားပေးခြင်းတွေ လုပ်ဆောင်နေတာရှိလား။
**တတိယအချက်ကတော့ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကိုထိခိုက်သလား။ **
- Differential Treatment လုပ်ဆောင်ခြင်းက တန်းတူညီမျှရပိုင်ခွင့်ကို ထိခိုက်မှုရှိနေလား။ စတဲ့အချက်တွေနဲ့ ချိန်ထိုးကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီး မှတ်သားရမှာတစ်ခုက “မတူညီစွာ ဆက်ဆံမှုတိုင်းဟာ ခွဲခြားမှု” မဟုတ်ပါဘူး။ ဥပမာ — မသန်စွမ်းသူများအတွက် အထူးစီစဉ်ပေးခြင်းဟာ ခွဲခြားမှု မဟုတ်ပါဘူး။ ဒါကို Substantive Equality လို့ ခေါ်ပါတယ်။ တန်းတူညီမျှမှုကို အမှန်တကယ် ရရှိစေရန် တခါတရံ မတူညီစွာ ဆက်ဆံဖို့၊ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
**မတူညီမှုနဲ့ ခွဲခြားမှုကို ယှဥ်ထိုးစဥ်းစားတဲ့အခါမှာ **
- “ဒီမတူညီမှုဟာ တန်းတူညီမျှမှုကို ဖြစ်စေသလား။ ဒါမှမဟုတ် လူတစ်စုရဲ့ အခွင့်အရေးကို လျော့နည်းစေသလား” ဆိုတာပါပဲ။ ဒါကြောင့် “Non-Discrimination ဆိုတာ ဘယ်သူမဆို ကိုယ့်ရဲ့ Identity (အမှတ်လက္ခဏာ)ကြောင့် အခွင့်အရေး မဆုံးရှုံးရအောင် ကာကွယ်ပေးတဲ့ လူ့အခွင့်အရေးဥပဒေဆိုင်ရာ အခြေခံသဘောတရား ဖြစ်ပါတယ်။ ဒါဟာ လူ့ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှမှုကို အကောင်အထည်ဖော်ပေးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

